Am I the only one?

လူတိုင်းက အဆင်ပြေနေတာမဟုတ်ဘူး ဆိုတဲ့စကားကို ခဏခဏကြားနေရတာ ၂၀၂၁ ခုနှစ် ၂ လပိုင်း နောက်ပိုင်းလို့ ထင်တာပါပဲ။ အဲဒီ ၂ လပိုင်းနောက်ပိုင်းမှာမှ ကျယ်ကျယ်လောင်လောင် ကြားလာရတာ။ ကိုယ်ပဲ အဆင်မပြေဖြစ်နေတာတွေ ပိုပြီး သိသာလာလို့ ထင်ပါရဲ့။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ​ ၂၅ မှာ စခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ငန်းလေးဟာ တကယ်ကို ကိုယ်ပိုင်လုပ်ငန်းလေးအနေနဲ့ စင်ကြယ်စွာပဲ စတင်ခဲ့တာပါ။ အဲဒီအလုပ်ကို စခဲ့တာ မြန်မာငွေ ၅ သိန်းကျော်နဲ့ စခဲ့တယ်။ ကိုယ် သိထား တတ်ထားတဲ့ branding ပညာရပ် တချို့ကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာ နှစ်တွေကြာခဲ့ပြီ။ ဒီအလုပ်ကလေး လုပ်ရင်း ကိုယ့်လိုလုပ်ငန်းငယ်လေးတွေကိုလည်း အကျိုးပြုချင်တယ်။

အမေမိုးကုတ် အဖေဗိုလ်ချုပ်မဟုတ်၊ ကိုယ့်မိသားစု အထောက်အပံ့လည်းမရှိ၊ လက်ဝါးဖြန့်တောင်းဖို့လည်း လူမရှိတဲ့ ကြားက လုပ်ငန်းတစ်ခုလုပ်လိုက်တာဟာ ရေခံမြေခံမကောင်းတော့ တော်တော်ပဲ အားထုတ်ကြိုးစားရပါတယ်။ ရှေ့ကိုရောက်မလိုလို နဲ့ လမ်းချော်ပြီး ပြုတ်ကျလိုက်၊ ခဏနေ လဲတာကနေ ပြန်ထပြီး နောက်တစ်ခါ ထပ်ကြိုးစား၊ အပေါ်ကိုရောက်မလိုလိုနဲ့ ခဏနေ လျှောကျပြန်၊ ဒီလိုနဲ့ ကိုယ့်အလုပ်လေးမှာ လူတွေ ဝင်လိုက် ထွက်လိုက်နဲ့ ခြေငြိမ်ဖို့ ကြိုးစားရင်း လုပ်ငန်းသက် ၅ နှစ်မှာ ကိုယ်ဟာ အနယ်ထိုင်စ ပြုပါပြီ။

အားကိုးရတဲ့ ဒီဇိုင်းအဖွဲ့၊ creative အဖွဲ့၊ digital အဖွဲ့တွေအားလုံး အစအဆုံး ပြင်ဆင်ပြီးနောက်မှာ လုပ်ငန်းလေး ပျက်စီးသွားတော့တယ်။ အခုဆို ၉ လ ရှိသွားပြီပေါ့လေ။ အလုပ်ကို တစ်ရက် ၁၂ နာရီ အောက်ထစ်အလုပ်လုပ်ပြီး လက်ဖဝါး ၂ ဖက်နဲ့ ငွေရှာခဲ့ရသူမို့ အလုပ်တွေ ပျက်စီးသွားတော့ စိတ်တွေပျက်စီးနေလိုက်တာ ဘယ်လိုမှ ကုန်းကောက်လို့မရတော့။

ကိုယ်အဆင်မပြေတာတွေ ပြောပြဖို့လည်း လူမရှိ၊ ကိုယ့်မှာ အရင်လိုလွတ်လွတ်လပ်လပ်နဲ့လည်း နေလို့မရ၊ လူကြားသူကြားလည်း သွားမရ။ ကိုယ့်ရပ်တည်ချက်၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်ဟာ တော်တော်ပဲအကျဉ်းအကြပ်ထဲ ရောက်နေခဲ့တယ်။ မွမ်းကြပ်လိုက်တာ ဆိုတာလည်း ပြောမနေပါနဲ့။ တစ်ရက်တစ်ရက် ဦးတည်ချက်မဲ့၊ ပျော်ရွှင်မှုမရှိ၊ ခေါင်းစဉ်ပျောက်နေတဲ့ နေ့တွေ ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာ သိတောင်မသိတော့ပါဘူး။

အားတင်းထားပါ ဆိုတဲ့စကားနဲ့ ကိုယ်အားတင်းပါတယ်။ လူတိုင်းမှာ သူတို့ပြဿနာနဲ့သူတို့ပါ။ ကိုယ်လား၊ ဘာမှမလုပ်နိုင်တော့ ငိုတာပေါ့။ ယောက်ျားဖြစ်ပြီး ငိုတယ်ဆိုတဲ့စကား ပြောချင်လည်း ပြောပါ၊ မျက်ရည်ကျပြီး တိတ်တိတ်လေးပဲ ငိုတယ်။ မိုးတွေ ဘယ်တော့တိတ်မလဲတော့ မသိ။ ဘဝတွေတော့ တော်တော်ပျက်သွားပြီ။

ညီမင်းစံ

Leave a Reply

Your email address will not be published. Required fields are marked *